အာဏာရှင်နှင့်စစ်ထောက်လှမ်းရေးများ၏
“သိက္ခာရှိသော ဗုံးခွဲနိုင်ငံရေး” (သုံးသပ်ချက်)
=================== (၁) ၁၉၈၉ ခုနှစ်တုန်းက..၊ သံလျင်ရေနံချက်စက်ရုံကိုဗုံးခွဲတဲ့အမှုမှာ..
အဲဒီတုန်းက.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တွေဖြစ်တဲ့
သန်းဇော်၊ ညီညီဦး ၊ကိုမိုးကျော်သူတို့ကို ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်၊
အဲဒီမှာထူးခြားတာကတော့၊ ဒီဗုံးခွဲမှုမှာ သေဒဏ်ချတဲ့သူတွေကို သေဒဏ်အပြစ်မပေးပဲ နှစ် (၂၀)လောက်
အကျဉ်းထောင်ထဲမှာထားရှိခဲ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာ..
သူတို့ဟာ.. ဘာအပြစ်မှမရှိကြောင်း.. ပြည်သူကိုအသိပေးခဲ့ကြသလို..
အဲဒီတုန်းက ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက် ခေဲ့ကြတဲ့ ကေအင်ယူက ကိုကိုနိုင်က
မတရားပြစ်ဒဏ်ခံရတဲ့.. ကိုသန်းဇော်တို့ကို တောင်းပန်စကားပြောခဲ့ပါတယ်၊
အဲဒီတုန်းက NLD လူငယ်တွေကို.. ဖေါက်ခွဲရေးတရားခံအဖြစ်..
ဇတ်လမ်းဇတ်ကွက်ဆင်ခိုင်းတဲ့သူဟာ… ဘယ်သူပါလဲ..
ဦးခင်ညွန့်ရဲ့ ထောက်လှမ်းရေးပဲ ဖြစ်ပါတယ်၊
ဇာတ်လမ်းဇာတ်ကွက်အမျိုးမျိုးဆင်ပြီး.. ဇတ်အိမ်အမျိုးမျိုးတည်ပြီး ယုတ္တိရှိရှိနဲ့
စုံထောက်ဝတ္တုဆန်ဆန် ပြည်သူကို.. အလိမ်အညာတွေချပြခဲ့ပါတယ်၊
နိုင်ငံရေးလုပ်ကြံလိုမှုတစ်ခုတည်းကိုကြည့်ပြီး အတိုက်အခံပါတီကို တရားခံဖြစ်အောင်တွန်းပို့တဲ့
နည်းစနစ်တွေကို အဲဒီကတည်းက.. အသုံးချနေတာ ဖြစ်ပါတယ်၊
သူတို့ဟာ ရက်စက်တဲ့နည်းလမ်းတွေနဲ့စစ်ဆေးလို့
ဝန်ခံခဲ့ကြရသူတွေချည်းပဲဖြစ်ပါတယ်၊
အဲဒီတုန်းက တာဝန်ရှိသူတွေဟာ..
သူတို့လုပ်ခဲ့တဲ့ မှားယွင်းမှုတွေကြောင့်
နှစ် (၂၀)လောက် နစ်နာသွားတဲ့သူတွေကို..၊
ဘယ်သူမှတာဝန်ယူခြင်းမရှိသေးပါဘူး..၊
အဲဒီတုန်းက စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း
ဦးခင်ညွှန့်ကတော့ သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုမှာ
မှားယွင်း ဖမ်းဆီး ခဲ့မှုအပေါ်
စစ်ထောက်လှမ်းရေးတွေ လက်ချက် မဟုတ်ဘူး၊
ရဲ အထူး သတင်းတပ်ဖွဲ့ (SB) က လုပ်ခဲ့တာလို့
မကြာမီက ပြည်တွင်း မီဒီယာ တခုနဲ့
အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ဒါပေမယ့် သံလျင်ဗုံးကွဲမှု တရားခံတွေဆိုပြီး
NLD လူငယ်တွေကို စစ်ခုံရုံးမှာ ပထမဆုံးအမှုအဖြစ်
တရားလိုလုပ်ပြီး တရားစွဲခဲ့တာကတော့..
အမျိုးသား ထောက်လှမ်းရေး(NIB) ကပါပဲ။
အဲဒီတုန်းက NIB မှာဘယ်သူသြဇာရှိနေလဲဆိုတာ
အားလုံးသဘောပေါက်ကြမှာပါ၊
ဦးခင်ညွန့်ရဲ့စစ်ထောက်လှမ်းရေးပါပဲ…
————————-
(၂)
ဗုံးကွဲမှုတွေထဲမှာ အကြီးမားဆုံး တခုဖြစ်တဲ့
၁၉၉၆ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့
ကမ္ဘာအေး မဟာပါသာဏ လှိုင်ဂူမှာ
န၀တ အတွင်းရေးမှူး ၂ ဒု ဗိုလ်ချုပ်ကြီး တင်ဦး
(ကွယ်လွန်)ကို ရည်ရွယ်တယ် ဆိုတဲ့
ဗုံးကွဲမှု ဖြစ်ပွားခဲ့ပါတယ်..
အဲဒီတုန်းကလဲ..
KNU လက်ချက် လို့ ..
အစိုးရက စွပ်စွဲ ခဲ့ပါသေးတယ်။
၁၉၉၇ ခုနှစ် ဧပြီလ အတွင်းမှာ
ဒု ဗိုလ်ချုပ်ကြီး တင်ဦးရဲ့သမီးဖြစ်သူ
မချိုလဲ့ဦး သေဆုံးခဲ့တဲ့ နေအိမ် ဗုံးကွဲမှုလည်း
ဖြစ်ခဲ့ပါတယ်။
အဲဒီ ဗုံးကွဲမှု နှစ်ခုလုံးရဲ့ လက်သည်တရားခံကို
အခုထက်ထိ…မပေါ်သေးပါဘူး..၊
အဲဒီလိုလက်သည်တရားခံမပ်ါရတဲ့အထဲမှာမှ
ပိုပြီး ဆိုးဝါးသွားတာကတော့..၊
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာတော့
ဒု ဗိုလ်ချုပ်ကြီး တင်ဦးဟာ ကရင်ပြည်နယ် အတွင်း
ရဟတ်ယာဉ် ပျံသန်းရင်း ပေါက်ကွဲမှုဖြစ်လို့
သေဆုံးခဲ့ရခြင်း ပါပဲ။
ဘယ်သူတွေက ဘယ်လိုတွေကြောင်းကျိုးဆက်စပ်ပြီး
သုံးသပ်ပြနေပေမဲ့..၊
အဲဒီရဟတ်ယာဉ်ပျက်ကျမှုဟာ..
ပဟေဋိ သဖွယ် ဖြစ်နေတုန်းပါပဲ..၊
ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးဟာ..
အဲဒီတုန်းက နယကအတွင်းရေးမှုး(၂)တာဝန်နဲ့
စစ်ဦးစီးအရာရှိချုပ်(ကြည်း)အဖြစ် လုပ်ကိုင်နေပြီး
မြန်မာ့တပ်မတော်ဗိုလ်ချုပ်တွေထဲမှာ..
နံမည်သိပ်မထွက်ပဲနာမည်ကောင်းရရှိထားသူ
တစ်ဦးဖြစ်ပါတယ်..၊
အဲဒီတုန်းက အတွင်းရေးမှုး (၁)ကတော့..
အားလုံးသိကြတဲ့အတိုင်း…
ကကလှမ်းရဲ့ အရှင်သခင်..
ဦးခင်ညွန့်ပေါ့ဗျာ..၊
————————-
(၃)
၂၀၀၅ ခုနှစ်ကလည်း ၈ မိုင် လမ်းဆုံက
Junction 8 ၊ ပုဇွန်တောင်မြို့နယ်က
ကုန်သွယ်ရေး အဆောက်အအုံ ကုန်စည်ပြပွဲ၊
မြေနီကုန်း ဒဂုံစင်တာ ဗုံပေါက်ကွဲမှုတွေဟာ
တရက်တည်းမှာ ဆက်တိုက်ကွဲခဲ့တာ ဖြစ်ပြီး
လူသေဆုံးမှု၊ ဒဏ်ရာ ရမှုတွေရှိခဲ့ပါတယ်။
အဲဒီတုန်းကလဲ ဘယ်သူကျုးလွန်တယ်ဆိုတာကို
မသိခဲ့ပါဘူး ၊ ပြီးတော့ အစိုးရကလဲ..
အဲဒီတရားခံတွေကို ဖေါ်ထုတ်ဖို့ အားစိုက်ထုတ်ခြင်းမရှိပဲ
ပြည်သူလူထုကို အထိတ်တလန့်ဖြစ်သွားတာကလွဲပြီး
ဘာမှ သိရှိခဲ့ခြင်းမရှိပါဘူးး၊
အဲဒီတုန်းက အခြေအနေဟာ ဦးခင်ညွန့်ရဲ့
စစ်ထောက်လှမ်းရေးအဖွဲ့အစည်းကြီးကို
ဦးသန်းရွှေက မြေလှန်ရှင်းလင်းပြီးကာစ
အခြေအနေနဲ့ တိုက်ဆိုင်နေတာက..
ကြီးမားတဲ့ ထူးခြားမှုကြီးတစ်ခုပါ၊
စစ်ထောက်လှမ်းရေးတွေမရှိတဲ့အချိန်မှာ
အသစ်ဖွဲ့စည်းလိုက်တဲ့ စရခ၊ စရဖ အဖွဲ့တွေဟာလဲ
အားကိုးလို့ မရတဲ့အနေအထားအတွင်းမှာ
ဖြစ်ပွားခဲ့တာဖြစ်ပါတယ်၊
အဲဒီလောက်ကြီးကျယ်တဲ့ဗုံးခွဲမှုကြီးတွေဟာ..၊
တရားခံမသိ ဘာမသိနဲ့ မှေးမှိန်ခဲ့ရပါတယ်၊
————————–
(၄)
၂၀၁၀ ခုနှစ် ဧပြီ (၁၅) ရက်နေ့မှာလည်း..
ရန်ကုန်မြို့လယ်ခေါင်က X2O ရေကစားမဏ္ဍပ်မှာ
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်၊
အဲဒီတုန်းက တာဝန်ရှိသူအာဏာပိုင်တွေဟာ
ဗုံးပေါက်ခွဲတယ်လို့ ယူဆရတဲ့ တရားခံဆိုပြီး
ကိုဝေဖြိုးအောင်ကို ဖမ်းဆီးခဲ့ပါတယ်၊
ဖမ်းဆီးတာတောင် ရိုးရိုးဖမ်းဆီးတာမဟုတ်ပဲ
ရဲချုပ်ကိုယ်တိုင် ကိုဝေဖြိုးအောင်ဟာ..
တရားခံဖြစ်ကြောင်း သေချာနိုင်တဲ့..
ဘယ်ကရမှန်းမသိတဲ့
အထောက်အထား၊ကွင်းဆက်တွေနဲ့
စုံထောက်ဝတ္တုဆန်ဆန် ဖြစ်စဉ်တွေကို ပြည်သူကို
အသိပေးပြီးမှ ကြေငြာခဲ့တာပါ၊
၂၀၁၂ ခုနှစ်မှာ ကိုဝေဖြိုးအောင်ပြန်လွတ်လာခဲ့ပြီး
ထောင်အတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေ၊ရောဂါဘယတွေကြောင့်
ကျန်းမာရေးထိခိုက်ပြီး သေဆုံးသွားခဲ့ရှာပါတယ်၊
ကိုဝေဖြိုးအောင်သေဆုံးသွားတဲ့အချိန်မှာ..
ကိုဝေဖြိုးအောင်ရဲ့မိဘတွေဟာ..
ကိုဝေဖြိုးအောင်ဟာ တရားခံမဟုတ်ကြောင်းနဲ့
မတရားအမှုဆင် ဖမ်းဆီးခံရကြောင်းကို..
သတင်းစာရှင်းလင်းပွဲလုပ်ပြီး အတိအလင်း
ထုတ်ဖေါ်ခဲ့ကြပါတယ်။
အဲဒီတုန်းက ဗုံးခွဲတာဟာ..
အာဏာရှင်ဟောင်းဦးသန်းရွှေရဲ့မြေးဖြစ်တဲ့
ဖိုးလပြည့်ကို ရည်ရွယ်တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်၊
ဖိုးလပြည့်ကို ဘာလို့ရည်ရွယ်တာလဲ..
အာဏာရှင်ဟောင်းဦးသန်းရွှေကို..
ဘယ်သူက ဘာလို့အညှိုးအတေးတွေရှိနေလဲဆိုတာ
အားလုံး လေ့လာကြစေလိုပါတယ်၊
—————————–
(၅)
၂၁-၇-၂၀၁၃ ရက် မန္တလေးမြို့မှာ
ဦးဝီရသူ တရားပွဲလုပ်နေတဲ့အချိန်
ည (၉) နာရီခန့်မှာ တရားစင်အောက်မှာ
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်၊
အဲဒီပေါက်ကွဲမှုကြောင့် လူ(၄) ယောက်
ဒဏ်ရာအနည်းငယ်ရရှိသွားကြပါတယ်၊
ထူးခြားတာက အဲဒီပေါက်ကွဲမှုကို..
ပေါက်ကွဲမှုမှန်းသိရက်နဲ့ တရားဆက်ဟော
နေတဲ့ ဦးဝီရသူပဲဖြစ်ပါတယ်၊
နောက်ထပ်ပေါက်ကွဲမှုတွေ ဖြစ်မလာဘူး
ဆိုတာကို ဦးဝီရသူဘယ်လိုလုပ်သိနေသလဲ
ဆိုတဲ့အဖြေကတော့ စဉ်းစားစရာပါ၊
အကျိုးရှိသွားတာကတော့..
အဲဒီပေါက်ကွဲမှုကြောင့်..
ဦးဝီရသူကို ယုံကြည်ရင်းစွဲရှိတဲ့သူတွေဟာ
အစွန်းရောက်စိတ်ဓာတ်တွေ ပြင်းထန်လာခြင်းပါပဲ၊
အဲဒီပေါက်ကွဲမှုဟာလည်း..
ထုံးစံအတိုင်း တရားခံဘယ်သူဆိုတာ
တိတိကျကျမပေါ်ပေါက်ခဲ့ပါဘူး..၊
————————
(၆)
၂၀၁၃ အောက်တိုဘာလကစပြီး..
ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာပါတယ်၊
ဖြူးမြို့နယ်မှာ..ဗုံးတစ်လုံးတွေ့တာကအစပြုပြီး..
တောင်ငူမြို့နယ်ချမ်းမြေ့တည်းခိုခန်း၊
အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း၊
သာကေတ ယမုံနာလမ်း၊
အလုံမြို့ ကမ်းနားလမ်း၊
မန္တလေး လမ်း ၈၀ ထောင့်၊
ရန်ကုန်မြို့ ကုန်သည်ကြီးမျာဟိုတယ် (၉)လွှာ၊
အခန်း (၉၂) အစရှိတဲ့နေရာတွေနဲ့ ၊
စစ်ကိုင်းမြို့က နေရာ (၂) နေရာမှာလဲ
ပေါက်ကွဲမှုတွေ၊ ဖြစ်ပွားပြီး ဗုံးတွေ့ရှိမှုတွေလဲ
ဖြစ်ခဲ့ပါတယ်..၊
ကုန်သည်ကြီးများ ဟိုတယ် ဗုံးခွဲသူဟာ
မွန်ပြည်နယ် ဘီးလင်းမြို့မှာ ဖမ်းမိခဲ့တဲ့ စောမြင့်လွင် ဆိုသူဖြစ်တယ်၊
သူဟာ ကရင်အမျိုးသား အစည်းအရုံး(KNU) က
တပ်ဖွဲ့ဝင်ဟောင်း တဦး ဖြစ်တယ်လို့လည်း
ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် အစိုးရဘက်က ၂၀၁၃ အောက်တိုဘာ ၁၈ ရက်မှာ
ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့
သမ္မတ ပြောခွင့်ရလည်း ဖြစ်၊ ပြန်ကြားရေး ဒု ၀န်ကြီးလည်းဖြစ်တဲ့
ဦးရဲထွဋ်က KNU နဲ့ ပတ်သက်မှု မရှိဘူးလို့ ဆိုပါတယ်။
အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဦးရဲထွဋ်နဲ့ ရဲချုပ်
ဦးဇော်ဝင်းတို့က ဖြစ်စဉ်ကွင်းဆက်တွေကို
ဓာတ်ပုံတွေ၊ သက်သေခံပစ္စည်း တွေနဲ့ ပြသ ရှင်းလင်းခဲ့ပါတယ်။
ရဲချုပ်ကတော့ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ
KNU အောက်ခြေပိုင်း တာဝန်ရှိသူတချို့
ပါဝင် ပတ်သက်တယ်လို့သတင်းစာ
ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီအချက်ဟာ
ဦးရဲထွဋ် နဲ့ ကွဲလွဲနေတာ သံသယ ဖြစ်စရာပါပဲ။
နောက်တရက်ခြား KNU က သတင်းစာ
ရှင်းလင်းပွဲလုပ်ရာမှာ ဗဟိုကော်မတီဝင်
ပဒို မန်းငြိမ်းမောင်ကလည်း KNU အောက် ခြေ ပိုင်းက
ပါဝင်ပတ်သက်တာကို ၀န်ခံပြောကြားပြီး
KNU ဗဟိုရဲ့ သဘောထား မဟုတ်ကြောင်း ရှင်းလင်းခဲ့တယ်။
သတင်းစာရှင်းလင်းပွဲ ၂ ခုလုံးရဲ့ပြောဆိုချက်တွေဟာ
ကုန်သည်ကြီးများဟိုတယ် ဗုံးခွဲတယ်လို့ သံသယရှိသူ
မေ့ကျန်ခဲ့တဲ့ မှတ်ပုံတင်နဲ့ အခြားဗုံးကွဲမှုတွေနဲ့ပတ်သက်တဲ့
စီစီတီဗီ မှတ်တမ်း၊ ဖမ်းဆီးရမိသူတွေရဲ့
ထွက်ဆိုချက်တွေအပေါ် အခြေ ခံပြီး
ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့တွေဟာ ဘယ်သူတွေလည်း၊
ဘယ်သူတွေက ခိုင်းတာလဲ။
ဖမ်းဆီးခံရသူတွေက အလွယ်တကူ ..
ဝန်ခံဖြေဆိုခဲ့ကြတာ တွေဟာ
ကြိုတင် စီစဉ်ထားတဲ့ အကွက်ဆင် ဖြေဆိုမှုတွေများ
ဖြစ်မလား ဆိုတာတွေဟာ သံသယဖြစ်စရာတွေ
အများကြီး ရှိပါတယ်။
တကယ်ပဲ ဖမ်းဆီးရမိတဲ့သူတွေဟာ KNU အောက်ခြေပိုင်းက
ဟုတ်မဟုတ် အစိုးရဘက်ကရော၊ KNU ဘက်ကရော
အခု အထိ ခိုင်မာတဲ့ အတည်ပြုချက် ပေးတာ မတွေ့ရသေးပါဘူး။

ဒီဗုံးကွဲမှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက် ရှိတယ်ဆိုတဲ့
ကောက်ချက်ကတော့ သိသာတဲ့ အချက်ဖြစ်ပေမယ့်
ဒီရည်ရွယ်ချက် ကို အဓိက အကောင်အထည်ဖော်သူတွေက
ဘယ်သူတွေလဲ ဆိုတာလည်း သဲသဲကွဲကွဲ မရှိသေးပါဘူး။ ဘာပဲပြောပြော…
အဲဒီလိုဗုံးခွဲမှုတွေဖြစ်ပွားတဲ့အချိန်ဟာ..
တိုင်းပြည်မှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက်..
စတင်လှုပ်ရှားစပြုနေတဲ့အချိန်နဲ့လဲ တိုက်ဆိုင်နေပါတယ်၊
အစိုးရကတော့..ထုံးစံအတိုင်း…
နောက်ကွယ်ကတရားခံကိုဖေါ်ထုတ်ဖို့အတွက်
ခိုင်မာတဲ့ အနေအထားကိုမတွေ့သေးပါဘူး..၊
သာမန်လူတစ်ယောက်နှစ်ယောက်ကိုပဲထုတ်ပြပြီး
အဖျားရူးသွားပါတယ်..၊
——————————-
(၇)
အခုလဲ အင်းစိန်ရွာမကျောင်းတိုက်ကို..
ပြည်ပ ဖုန်းနံပါတ်တစ်ခု 0060 …ကနေ..
ဗုံးခွဲဖို့ခြိမ်းခြောက်တယ်ဆိုတဲ့သတင်းတစ်ခု
တက်လာတာကိုတွေ့ရပါတယ်…၊
အဲဒီသတင်းအရ ရဲအဖွဲ့တွေသွားစစ်တဲ့အချိန်မှာ
ဘာမှမတွေ့ ခဲ့ဘူး လို့လဲသိရပါတယ်၊
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မှန်ကန်မှုရှိမရှိ မသေချာပေမဲ့
သတင်းရတဲ့အနေအထားဟာ သံသယဖြစ်စရာဖြစ်ပါတယ်၊
အဲဒီသတင်းကို ဦးဦးဖျားဖျားရတဲ့ သူဟာ..
လက်ရှိ Secret Service မှာ တာဝန်ထမ်းဆောင်ဆဲ
ပုဂ္ဂိုလ်တွေတစ်ဦးမှမဟုတ်ပါဘူး..
သတင်းဖွဖို့တစ်ခုထဲကိုပဲအားသာပြီး..၊
အချိန် Adjust လုပ်ခြင်း အားနည်းတဲ့အတွက်
ဟ…နေတဲ့အပိုင်းတွေကိုလဲ တွေ့ရပါတယ်၊
ပြီးတော့ လုပ်ကြံဇာတ်လမ်းတွေရေးနေကျ
Nature က မဖျောက်နိုင်လေတော့..
မလိုအပ်တဲ့ ဗုံးအမျိုးအစားနာမည်တွေပါ ထည့်မိလာတာပါပဲ၊
နောက်တစ်ခုက..
ပြည်ပနိုင်ငံတစ်ခုက ဖုန်းခေါ်ဆိုတာမှန်ကန်ရင်..
အဲဒီဖုန်းနံပါတ်ကို နိုင်ငံတကာရဲတပ်ဖွဲ့ဆက်စပ်မှုတွေကတစ်ဆင့်
အကူအညီတောင်းဖေါ်ထုတ်ဖိုလဲလိုအပ်ပါတယ်၊
သူတို့နိုင်ငံတွေမှာ ဖုန်းနံပါတ်ကို လိုက်တဲ့စနစ်တွေလဲ
ရှိနိုင်သလို ဖုန်းနံပါတ်ကိုကြည့် location ရှာတဲ့
စနစ်တွေလဲ မရှိစရာအကြောင်းမရှိပါဘူး၊
တကယ်မှန်တယ်ဆိုရင်..
ဒီအတိုင်းအဖျားရူးမသွားစေချင်ပါဘူး..၊
——————————-
(၈)
နောက်ဆုံး ပြောချင်တာကတော့..
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဗုံးကွဲမှုပြဿနာအများစုဟာ..
နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ အာဏာရှင်နဲ့..
စစ်ထောက်လှမ်းရေးတွေ အသုံးချတဲ့ လက်နက်
တစ်ခုဖြစ်တယ်ဆိုတာပါပဲ..၊
အာဏာရှင်ဟာ..
အတိုက်အခံကို တိုက်ခိုက်တဲ့အချိန်မှာ..
နိုင်ငံရေးခြေထိုးမှုတွေအပါဝင်
ဘာသာရေးအသုံးချ နိုင်ငံရေးလက်နက်တွေ၊
နိုင်ငံရေးပူးသတ်မှုတွေ..
ဘယ်နည်းတွေကိုသုံးပါစေ..
အရေးမလှဖြစ်ချိန်မှာ..
ဗုံးခွဲပြီး ဇတ်လမ်းထွင်တဲ့အနေအထားတွေဟာလဲ
သမိုင်းမှာအထင်အရှားပါ..၊
အားလုံး သတိထားစဉ်းစားနိုင်ဖို့အတွက်
ရသလောက်ကို စုစည်းဖေါ်ပြလိုက်ပါတယ်
( Pa Yit)
————————
(သတင်းဆောင်းပါးအချို့ကိုမှီငြမ်းပါသည်)

No comments:
Post a Comment